မအူပင် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထက်မြက်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအား ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင်ကျင်းပသည်။
ရှေးဦးစွာ ထက်မြက်ရတနာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးဝင်းက ယခုလို လူငယ်စကားဝိုင်း ကျင်းပပေးခြင်းသည် ကျောင်းသားလူငယ်များအတွက် များစွာအကျိုးရှိကြောင်းနှင့် ကျောင်းသားလူငယ်များအတွက်လည်း ဗဟုသုတများစွာ ရရှိစေခြင်းကြောင့် များစွာ ဝမ်းမြောက်ကြောင်း ကျောင်းသား၊ ကျောင်းသူများမှလည်း အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ရည်မွန်ထက်မြက် တပည့်ရတနာများ မွေးဖွားရာ ထက်မြက်ရတနာဆိုသည့် ဆောင်ပုဒ်နှင့် အညီ လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်တတ်စေရန်နှင့် စာပေဗဟုသုတများကြွယ်ဝပြီး အကျိုးရှိသည့် စာကောင်းပေကောင်းများ ဖတ်ရှုတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအား ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက Moderator အဖြစ်ဆောင်ရွက်၍ ထက်မြက်ရတနာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကြီးကြပ်ရေးမှူးဆရာမ ဒေါ်လှမိုးသူနှင့် ကျောင်းသား/သူများဖြစ်သည့် မအေးစန္ဒာခိုင်က အချိန်၏တန်ဖိုးခေါင်းစဉ်ဖြင့် လည်းကောင်း၊ စောဝေယံထွန်းက မူးယစ်ဆေးအန္တရာယ်နှင့်ယနေ့လူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်ဝါသင်းက လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောထွန်းလင်းအောင်က လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိမ့်ခြူးခိုင်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက ကဏ္ဍအလိုက်သိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ထက်မြက်ရတနာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးဝင်းနှင့် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)