ကော့ကရိတ် အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဦးစီးဌာန(ရုံးချုပ်)မှ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၃)လ လျှင်တစ်ကြိမ် Online Media ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကော့ကရိတ်ခရိုင်ကိုယ်စားပြု ကျောင်းသူတစ်ဦးအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ အ.ထ.က(ချောင်းတောင်)ကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့် ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက Online Media ပုံပြင်ပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး Online Media ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့်ပုံပြင်အား ပြန်လည်ဖွင့်လှစ်ပြသခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိသော နန်းသဲသဲမိုးဦးအား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများအနက် ပထမဆုကို ကော့ကရိတ်ခရိုင်ကိုယ်စားပြု အ.ထ.က (ချောင်းတောင်)မှ Grade 3 ကျောင်းသူ နန်းသဲသဲမိုးဦးက ရရှိခဲ့ပြီး၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု (၅)ဆုကို အခြားတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများရရှိခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)