မြိတ် အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အ.ထ.က(၄)မြိတ်တွင် ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကား၊ မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စတင်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲကို လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက Moderator ဖြင့် ဆောင်ရွက်ကာ အထက်တန်းကျောင်းသား/သူ(၄)ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက် ရောက်လာကြသည့် ကျောင်းသား/သူများက ပါဝင်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်သူများက ပြန်လည် ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ကို ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း၊ လူငယ်စကားဝိုင်းများကို လူငယ်များ အသိပညာအတတ်ပညာ ဗဟုသုတတိုးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်တတ်စေရန်၊ စင်မြင့်ပေါ်တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်များ တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။
ခိုင်ထူး (ပြန်/ဆက်)