မြဝတီမြို့ မြို့မနှင့် ပညာရွှေဖူး မူလတန်းကျောင်းတို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

မြဝတီ    အောက်တိုဘာ  ၅

ကရင်ပြည်နယ်၊ မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းနှင့် ပညာရွှေဖူး မူလတန်းကျောင်းတို့၏ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကျောင်းတာဝန်ခံများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက မြတ်ဆရာတေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ခရိုင်ပညာရေးမှူးရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး  ဦးစောမင်းခင်က ဩဝါဒအဖွင့်အမှာစကားပြောကြားပေးသည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက ဆရာ၊ ဆရာမ ၂၀ ဦးတို့အား  မြတ်ဆရာကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံပစ္စည်းများကို  တစ်ဦးချင်း ပေးအပ်ကန်တော့ကြသည်။ ထို့နောက် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာအဆင့်မှစ၍  အသိပညာ၊ အတတ်ပညာ ပြည့်ဝသည် သာမက ဗလငါးတန်နှင့်ပြည့်စုံပါစေကြောင်း၊  နိုင်ငံတော်အတွက်  အားထားရသည့်  သားကောင်း၊  သမီးကောင်း ရတနာများ ဖြစ်ပါစေကြောင်း ဆုံးမဩဝါဒစကားဆု ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)