သရက်ချောင်းမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်

သရက်ချောင်း အောက်တိုဘာ ၅

ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်၊ အသိပညာဗဟုသုတများကြွယ်ဝစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာဖတ်ရှိန်မြင့်မားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

ထို့နောက် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲဆက်လက်ကျင်းပရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အဆိုပါပြိုင်ပွဲ၏ စည်းမျဉ်း/စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ကြရာ အမှတ်အများဆုံးရရှိသည့် ကျောင်းသူအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီးနောက် ဒေသလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပါ ဆောင်းပါးများ၊ ပညာပေးစာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာလေ့လာခဲ့ကြကြောင်း အဆိုပါဟောပြောပွဲသို့ (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)