ကရင်ပြည်နယ်တွင် အရန်သားဖွားသင်တန်း(၁/၂၀၂၃)သင်တန်းဆင်း၊ ဘားအံ၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပခဲ့ပြီး ကရင် ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ အောက်တိုဘာ ၅

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွားသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ဘားအံမြို့နယ်၊ တရုတ်လှတိုက်နယ်ဆေးရုံ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျေးလက်ဒေသများ တွင်ကျန်းမာရေးဗဟုသုတနည်းပါးခြင်း၊ ရေမြေတောတောင်သဘာဝအတားအဆီးများ ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လက်လှမ်းမမှီနိုင်သော ပြည်သူလူထုနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဘေးအန္တရာယ်ကင်းသော မွေးဖွားခြင်း၊ မွေးဖွားပြီးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ အရန်သားဖွားသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံကျန်းမာရေး ဝန်ထမ်း များနှင့်လက်တွဲပြီး ပြည်သူလူထုအမိအဖများ၊ ညီအကိုမောင်နှမများကို လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသူ(၃)ဦးအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းသင်တန်းသူ(၂၀)ဦးအတွက် အရန်သားဖွားဝတ်စုံနှင့် အရန်သားဖွား များအသုံးပြုရန် AMW Kitများ ပေးအပ်ချီးမြှင့်ကာ သင်တန်းနည်းပြ ဆရာ/ဆရာမ များအတွက် ဂုဏ်ပြုလက်ဆောင် များပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းဆင်းသင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ “ပညာရေးကိုမြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့ ”ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ဆရာများ နေ့(World Teacher Day) အထိမ်း အမှတ်အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြတ်ဆရာတေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖတ်ကြားကာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များပေးပို့သော စုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဖတ်ကြားသည်။

ထို့နောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက ဆရာဂုဏ်အင်စာတမ်းကို ဖတ်ကြားဂုဏ်ပြုပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခြေခံ ပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ မူလွန် (၉)ဘားအံကျောင်းမှ အလယ်တန်းပြဆရာမ တစ်ဦးက ပြုံးနေပေးပါ တေးသီးချင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ဘားအံမြို့ရှိ ကျောင်းအုပ်ဆရာကြီးများက ဆရာဂုဏ်ရည် တေးသီးချင်းတို့ဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေကြ သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာစီစာကုံး၊ ကဗျာဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများပြောကြားကာ ဆုရ ကဗျာ၊ စာစီစာကုံးလက်ရာများနှင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ် ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၃)ကို အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ် (၄)ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာ၊ ပဒိုဒေးဗစ်ထော အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အရေးတကြီးလိုအပ်နေသော ပြည်နယ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် မြို့နယ်အလိုက် ရပ်မိရပ်ဖများဖြင့် စုံလင်စွာပါဝင်ဖွဲ့စည်းထားပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်ကြရပြီး ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စွန့်ခွာခဲ့ကြရသည့်အတွက် ထိခိုက်နစ်နာသူအများစုမှာ ပြည်သူများသာဖြစ်ကြောင်း၊ ပြည်နယ် အတွင်း  ငြိမ်းချမ်းရေးကိုလိုလားသည့် ဆန္ဒသဘောထားများကို ထုတ်ဖော်ပြသခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုစေမည်ဟု ယုံကြည်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး မုန်းတီးမှု၊ နာကြဉ်းမှု၊ အငြိုးအတေးများကို မေ့ပျောက်၍ အာဏာတ အငြိုးအတေးများမထားကြဘဲ အတူတကွ လက်တွဲနေထိုင်နိုင်ရန် ယခုအစည်းအဝေးသို့ တက်ရောက်လာသူအားလုံးက ဝိုင်းဝန်းဆွေးနွေးအကြံ ပြုပေးကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက ငြိမ်းချမ်းရေးရှိမှသာ ဒေသတည်ငြိမ်ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အတတ်နိုင်ဆုံးငြိမ်းချမ်းစေချင်ကြောင်း၊ ငြိမ်းချမ်းသည့်ဒေသနှင့်ငြိမ်းချမ်းရေးမရှိသည့်ဒေသ နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုသိသာစွာကွာဟနေသည်ကို မြင်တွေ့ရမည့်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး ကရင်ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်များက နှစ်ဖက်အပြန်အလှန်တွေ့ဆုံနိုင်ရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည့်မှု၊ နားလည်မှု၊ စာနာမှုများဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအရ ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီအဖွဲ့ဝင်များ ကြိမ်ဖန်များစွာပြောဆိုထိတွေ့ ဆက်ဆံနိုင်ရေး တစ်လတစ်ကြိမ်အစည်းအဝေးကျင်းပသွားမည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြား ဆောင်ရွက်သွားမည်ဟု နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)