မင်းဘူး အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံကင်းထောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကင်းထောက်သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပေးကာ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ အ.ထ.က (၁) မင်းဘူးမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က ကင်းထောက်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က (၁) မင်းဘူးမှ ဒုတိယ အလယ်တန်းပြဆရာမ ဒေါ်သက်ဆုရည်က ကင်းထောက်သင်တန်း ဖွင့်လှစ်ရခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးနှင့် သင်ကြားပေးရသည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ကင်းထောက်မောင်မယ်များ၏ ကိုယ်စား Grade-8 ကျောင်းသူ မမေသက်ချိုက ကင်းထောက်အဖွဲ့ဝင် ဖြစ်ရခြင်း၏ရည်ရွယ်ချက်နှင့် ကင်းထောက်၏ သဘောတရားများကို ရှင်းလင်းပြောကြားကာ အခြေခံကင်းထောက် သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို တာဝန်ရှိသူများမှ ကင်းထောက်မောင်မယ်များအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)