ကျိုက်လတ် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း၊ စာဖတ်ခြင်း၏ အကျိုး ကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်မြတ်နိုးသူက အားကစားနှင့် လေ့ကျင့်ခန်း၏ အဓိပ္ပာယ်၊ ကာယပညာ၊ လေ့ကျင့်ခန်းများ အကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။ ထို့နောက် "လူကုန်ကူးမှုအကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း သိကောင်းစရာ" အသိ ပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ "အသိပညာပေးဟောပြောပွဲ" သို့ အမှတ်(၅)အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်း၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)