ဂန့်ဂေါမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဂန့်ဂေါ အောက်တိုဘာ ၁၀

ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် လူရည်မွန်ကောင်းများ ပေါ်ထွန်းစေရန်ရည်ရွယ်ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဂန့်ဂေါမြို့၊ အမှတ်(၂)ရပ်ကွက်၊ အ.လ.က(ခွဲ) စည်ပင်ကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးနေမျိုးသူရက ကျောင်းသား/သူများအား “ရည်မှန်းချက်ရှိမည်”ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာဖတ်ရှုကြကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို လူငယ်များအတွေးအခေါ် မှန်ကန်စေရေး၊ အသိပညာ၊ အတတ်ပညာဖြင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရန်၊ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဟောပြောပွဲသို့ကျောင်းသား/သူ (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)