ထားဝယ် အောက်တိုဘာ ၅
ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်မြို့၏ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို စည်းကားသိုက်မြိုက်စွာဖြင့်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထားဝယ်ရိုးရာသပိတ်မျောပွဲတော်ကို ရှေးနှစ် ပေါင်းများစွာ ကတည်းက ကျင်းပပြုလုပ်သော ပွဲတော်ဖြစ်သလို ထားဝယ်ရိုးရာ ယဉ်ကျေးမှုကို ဖော်ဆောင်သော ရိုးရာသပိတ်မျောပွဲတော်လည်းဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ရိုးရာသပိတ်မျောပွဲတော်အား စည်းကာသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေးနှင့်ဒေသခံ ပြည်သူလူထုများ တက်ရောက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များက အခမ်းအနားကျင်းပရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်း ထုတ်ပြန်ရေး၊ ဧည့်ခံကျွေးမွေးရေးစသည့် လုပ်ငန်း ကော်မတီများက ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များဖြည့်စွက် ဆွေးနွေး တင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)