ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပေါက်ခေါင်း အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်းပြီး စာရေးဆရာ ညီညီနိုင် မြန်မာပြန်ထားသည့် "အောင်မြင်ရေးသော့ချက် A-Z 26" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကိုတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး၊ စာရေးဆရာ‌ ညီညီနိုင် မြန်မာပြန်ထားသည့် "အောင်မြင်ရေးသော့ချက် A-Z 26 " စာအုပ်မှ ခေါင်းစဉ်ခွဲများဖြစ်သည့် အောင်မြင်မှုနေပူစာလှုံ၊ ဖန်တီးမှုစွမ်းရည်၊ စိတ်ကူးယဉ်အိပ်မက်မက်ခြင်းနှင့် ရည်မှန်းချက် ပန်းတိုင် ပစ်မှတ်များထားရှိမှုများ စသည့်အကြောင်းအရာများကို (Book Club) အဖွဲ့ဝင် ကဗျာဆရာမ မလေးချို (ပေါင်းတည်)၊ စာပေဝါသနာရှင် ဦးတင်ဝင်း၊ အဖွဲ့ဝင် ဦးမြင့်သန်း၊ Youth Club အဖွဲ့ဝင် မကေသီ‌မြင့်ဇော်တို့က အသီးသီးဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ရာ၊ (Youth Club) အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club) နှင့် စာပေချစ်သူလူငယ်များတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)