ပေါင်းတည်၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲကျင်းပ

ပေါင်းတည် အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က အ.ထ.က ပေါင်းတည်ကျောင်း (ပညာရတနာ)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို အ.ထ.က ပေါင်းတည် ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် ဖျော်ဖြေဂုဏ်ပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘ့ာဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ဖတ်ကြားပြီးနောက် ကုလသမ္မဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးအာဂျူးက ဖတ်ကြားသည်။

ဆက်လက်၍ ကမ္ဘ့ာဆရာများနေ့ အထိမ်းအမှတ်မြို့နယ်အဆင့်နှင့် ကျောင်းတွင်းအထက်တန်း၊ အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြတ်ဆရာပူဇော်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်တွင်တာဝန်ထမ်းဆောင်ခဲ့သော အသက် (၆၅)နှစ်အထက် အငြိမ်စားဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၂၅၉)ဦးအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)