ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီက ဝင်ငွေနည်းအိမ်ထောင်စုများအား စားသောက်ရေး အဆင်ပြေစေရန် ဆန် ၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီက ပွင့်ဖြူမြို့ ၊ သက်တော်ရှည်ရပ်ကွက် မုန်းချောင်းဘေးတွင် နေထိုင်သော ဝင်ငွေနည်းအိမ်ထောင်စုများအတွက် စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ အောက်တိုဘာ ၃ ရက်၊ မွန်းလွဲ ၂ နာရီက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက် မုန်းချောင်းဘေးတွင် နေထိုင်သော ဝင်ငွေနည်းအိမ်ထောင်စု ၂၅ စုအား အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည် ၊ စားအုန်းဆီ(၅၀)ကျပ်သား ၊ ကြက်ဥ (၅)လုံးစီတို့ကို အိမ်တိုင်ရာရောက် စနစ်တကျ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခုကဲ့သို့ မြို့ပေါ်ရှိ ဝင်ငွေနည်းအိမ်ထောင်စုများအတွက် စားသောက်ရေး အဆင်ပြေစေရန် အခြေခံစားကုန်များကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည့်အပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရုံးဝန်ထမ်းများနှင့် မြို့ပြသန့်ရှင်းရေး လုပ်သားဝန်ထမ်းများကိုလည်း အခါအားလျော်စွာ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်ပစ္စည်းများကို ပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )