မုံရွာ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၃၉၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေက ပြောပြ၍ သိရသည်။
ဘုတလင်မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၂၈၇၇ ဧကကို ဇွန်လပထမပတ်က စတင်၍ လျာထားစိုက်ပျိုးခဲ့ရာ အောက်တိုဘာလ ၃ ရက်နေ့အထိ လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဘုတလင်မြို့နယ်မှာ မိုးစပါး ၃၂၈၇၇ ဧကကို လျာထားစိုက်ပျိုးခဲ့ရာမှာ လျာထက်ချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့ အကူအညီတွေနဲ့ နည်းပညာတွေကို ဆောင်ရွက်ပေးခဲ့တယ်။ မိုးစပါးတွေ လျာထားချက်ပြည့်မီစေဖို့ အခက်အခဲမရှိ စိုက်ပျိုးနိုင်ဖို့လုပ်ငန်းတွေကို စိုက်ပျိုးရေး ဦးစီးဌာနက မြေပြင်ထိ ကြိုတင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ရှိ မိုးစပါးတွေအားလုံး ရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီးစီးပါပြီ။ မိုးစပါးတွေလဲ တစ်ဧကပျမ်းမျှ တင်း ၁၀၀ ကျော်ထိ ထွက်ရှိအောင် .. ပြင်ဆင်စိုက်ပျိုးထားပါတယ်” ဟု ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေက ပြောပြသည်။
ဘုတလင်မြို့နယ်တွင် “မိုးစပါးဧက ၃၂၈၇၇ လျာထားစိုက်ပျိုးလျက်ရှိရာတွင် မျိုးကွဲစပါးများ အဖြစ် ဧရာမင်း ၁၆၅၈၂ ဧက၊ ရွှေသွယ်ရင် ၇၆၁၂ ဧက၊ မနောသုခ ၆၉၉၀ဧ က၊ ဆင်းသုခ ၃၂၁၀ ဧက စုစုပေါင်းမိုးစပါး ၃၄၃၉၄ ဧက၊ ၁၀၄ ဒသမ ၇၅ ရာခိုင်နှုန်းစိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနက အရည်အသွေးကောင်းမျိုး ကောင်းမျိုးသန့်စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ စပါးမျိုးစေ့ အသုံး ပြုမှုမှန်ကန်စေရန်၊ ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုတတ်စေရန်၊ ဓာတ်မြေဩဇာအစားထိုး သစ်စိမ်း မြေဩဇာ များ အသုံးပြုစိုက်ပျိုးနိုင်ရန် စသည့်နည်းစနစ်များကို လယ်မြေများထိ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)