ငဖဲ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိသာလျှင် ငွေကျပ်၄၈၅၀နှုန်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်၈နာရီက ငဖဲမြို့နယ် မင်းလွင်ကျေးရွာအုပ်စု နှင့် ကျောင်းကုန်းကျေးရွာအုပ်စုမှ ပြည်သူများ အား မင်းလွင်ကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချပေးရာသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်၊ မင်းလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများက ဝယ်ယူအားပေးသူများအား စနစ်တကျတန်းစီ၍ ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် မင်းလွင်ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စု (၂၅၀)စု နှင့် ကျောင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၆၀)စု စုစုပေါင်းအိမ်ထောင်စု (၃၁၀)စု အတွက် စားအုန်းဆီ ပိသာ ၃၁၀ ကို တစ်ပိသာလျှင် ငွေကျပ်၄၈၅၀နှုန်း ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းဖြင့် စနစ်တကျတန်းစီ၍ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့် အတွက် ပြည်သူတို့၏ စားဝတ်နေရေး အထောက်အကူဖြစ်စေခဲ့ကြောင်း နှင့် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)