တောင်ငူ အောက်တိုဘာ ၅
မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် မြတ်ဆရာအပေါ် အစဉ်လေးစားတန်ဖိုးထားတတ်စေရန်၊ အာစရိယများနှင့် ဥပဇ္ဈယ် ဆရာအရည်အသွေးများပြည့်ဝသည့် မြတ်ဆရာများ ပေါ်ထွန်းလာစေရန်အတွက် ကမ္ဘာဆရာများနေ့အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာကျင်းပ၍ ဆရာများ၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်ဂုဏ်ပြုလျက် မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစတင်၍ ကျင်းပခဲ့ပြီး၊ ၂၀၂၃-ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တောင်ငူမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို တောင်ငူမြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးအောင်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ အသက် ၇၀ နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၉၀) ဦးကို တက်ရောက်ကြသူများက ပူဇော်ကန်တော့ခဲ့ကြပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
တောင်ငူခရိုင် (ပြန်/ဆက်)