တမူးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

တမူး အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အောက်တိုဘာလ(၅) ရက်နေ့ နံနက်(၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အနန္တငါးဖြာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော ကမ္ဘာ့ဆရာများနေ့ သဝဏ်လွှာကို တမူးခရိုင်ပညာရေးမှူး ဦးဟန်ရွှေကဖတ်ကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား တမူးခရိုင် ပညာရေးမှူး ဦးဟန်ရွှေ၊ မြို့နယ်ပညာရေးမှူး ဦးတုတ်ကြည်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန် သီချင်း​ဖြင့် သီဆိုဖျော်ဖျေခဲ့ကြသည်။

ထို့နောက် တမူးခရိုင်၊ တမူးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၇၀) နှစ် အထက် ဆရာ/ဆရာမကြီး (၃၂) ဦးတို့အား ကန်တော့ငွေ(၁) သိန်းကျပ်စီဖြင့် ပူဇော်ကန်တော့ခဲ့ကြကာ ဆရာ/ဆရာမကြီးများကိုယ်စား ဆရာကြီးတစ်ဦးမှ သြဝါဒစကားပြောကြားခဲ့ပြီး အနန္တဂိုဏ်ဝင် အာစရိယ ဆရာကြီး/ ဆရာမကြီးများကို မြတ်ဆရာသီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။

ရတနာ