ရွှေတောင် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ကြာနီကန်ရပ်ကွက်၊ ကူကြီးအခြေခံပညာ မူလတန်းကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်နှင့် ဒေါ်ဇင်မာချောစုကြည်တို့က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား (၈)ချက်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်က အာဟာရအုပ်စုများနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုမှ ကလေးများ၏သဘောသဘာဝနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကိုယ်လက်လှုပ်ရှား အားကစားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား မြန်မာ့သိုင်းအားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် ပြန်/ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ "သစ် တောသစ်ပင်ချစ်စေချင်" ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)