သဲကုန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် အသက်(၇၅)နှစ်နှင့်အထက် အငြိမ်းစားကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့ပွဲ ကျင်းပ

သဲကုန်း အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၇၅)နှစ်နှင့်အထက် အငြိမ်းစားကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးတို့ကို ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အနေဖြင့် မြို့နယ်ပညာရေးမိသားစုမှ ဂါရဝပြုပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ အခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ မြတ်ဆရာသီချင်းဖြင့် ပူဇော်သီဆိုကာအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွဋ်(စီမံဘဏ္ဍာ)က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်အခြေခံပညာမူလတန်းကျောင်း (ရွာမ)မှ ကျောင်းအုပ်ဆရာကြီးဦးသန့်ဇင်က မြို့နယ်ပညာရေးမိသားစုကိုယ်စား ကန်တော့ချိုးတိုင်ကာ ဆရာကြီး၊ ဆရာမကြီးများအား ရို​သေစွာဂါရဝပြုကန်တော့၍ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၆၈)ဦးတို့အား စုစုပေါင်းငွေ(၁၀၂၀၀၀၀)  လှူဒါန်းခဲ့​ကြ​ပြီး ကန်တော့ခံအငြိမ်းစားကျောင်းအုပ်ဆရာကြီးဦးကျော်စိန်က မုဒိတာဆုံးမဩဝါဒ စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အနေဖြင့် အသက်(၇၅)နှစ်နှင့်အထက် အငြိမ်းစားကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့ပွဲသို့  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ပညာ‌ရေးဝန်ထမ်းမိသားစုများမှ စုံညီစွာတက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော်(ပြန်/ဆက်)