ကျောင်းကုန်း အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးရှိ မြတ်ပညာခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို “မြတ်ဆရာ” သီချင်းသီဆို၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင် ကဖတ်ကြားခဲ့ပြီး၊ ဂုဏ်ရောင်ထိန်ဝါ မြတ်ဆရာ ဧကပိုဒ်ရတုဖြင့် အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမော်က ချီးကျုးဂုဏ်ဖော် ဖတ်ကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ဆုရရှိ သော ကျောင်းသား/သူများအား ဆုချီးမြှင့်ပြီး၊ အသက်(၇၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)