ကြံခင်း အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.ထ.က)ဘက်ရဲကျောင်းတွင် မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လည်ပိုင်းက (အ.ထ.က)ဘက်ရဲကျောင်း၊ တေဇခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (အ.ထ.က) ဘက်ရဲကျောင်းအုပ်ဆရာကြီး ဦးခိုင်မျိုးဇင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌဒေါ်ခင်ခင်စန်းက ကြက်ခြေနီတပ်ဖွဲ့၏ ရည်ရွယ်ချက်၊ အခြေခံမူ(၇)ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီး၊ ဘက်ရဲကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးဖိုးနီက ကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာများအား အသိပညာပေးဟောပြောကြသည်။
ထို့နောက် မြို့နယ်တပ်ဖွဲ့မှူး ဦးရဲမြင့်မြတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူနာဆန်းစစ်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူ ပြုနည်း၊ သတိလစ်လူနာအား ဘေးစောင်းအနေအထား လက်တွေ့သရုပ်ပြသကြခြင်းနှင့် နှာခေါင်းသွေးယိုထွက်ခြင်း၊ အရိုးကျိုးခြင်း၊ သွေးယိုစီးခြင်းလူနာများနှင့် ကြုံတွေ့လျှင်ပြုစုစောင့်ရှောက်ပေးရမည့် အချက်များအား ရှင်းလင်းဟောပြောသရုပ်ပြသပေးကြောင်းနှင့် ဟောပြောပွဲသို့ (အ.ထ.က)ဘက်ရဲကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)