သဲကုန်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က လက်ပံလုံ့လအုပ်စု၊ ရုံးကုန်းလေးကျေးရွာဓမ္မာရုံတွင် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထွေထွေမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ပုတီးကုန်းမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦးမှဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက်ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ ကျေးရွာဒေသအတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ၊ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အမည် ပြောင်းလဲလျှောက်ထားခြင်း၊ မြေခွန်စည်းကြပ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း စက်မှုလယ်ယာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့်စားသုံးသူများအခွင့်အရေးစသည်တို့အား အသီးသီးအသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ တောင်သူ ၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)