ပဲခူး အောက်တိုဘာ ၅
ပဲခူးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ အောက်တိုဘာလ (၄)ရက်နေ့ မွန်းလွဲပိုင်းအချိန်က မုန်တိုင်းကျေးရွာအုပ်စုနှင့် အထက်စည်တီး (အနောက်) ကျေးရွာအုပ်စုတို့ရှိ တောင်သူများအား ဆောင်းသီးနှံ (ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ) ပန်းတိုင်အထွက် နုန်းပြည့်မီရေး မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို မုန်တိုင်းကျေးရွာနှင့် အထက်စည်တီး (အနောက်) ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့သည် မုန်တိုင်းကျေးရွာသို့ သွားရောက်ပြီး မုန်တိုင်းကျောင်းကြီးကျောင်းတိုက်အတွင်း၌ မုန်တိုင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံကာ ပဲခူးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က မိမိတို့မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် အဓိကသီးနှံ (၅) မျိုးဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဝါနှင့်ကြံသီးနှံများအနက် ပဲတီစိမ်း၊ မတ်ပဲနှင့် မြေပဲစိုက်ပျိုးသွားမည့် အခြေအနေများ၊ စိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရေး၊ စိုက်ချိန်နောက်မကျစေရေး၊ မြေပြုပြင်ရာတွင် စနစ်တကျပြုပြင်ပြီး သွင်းအားစုများ ထည့်သွင်းအသုံးပြုစေရေးအား သွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ အဖွဲ့ဝင် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးဇော်လင်းက သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက် နှုန်းထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းပညာများနှင့် ပတ်သက်၍လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက လယ်ယာမြေဆိုင်ရာဥပဒေများနှင့် ပတ်သက်၍လည်းကောင်း အသိပညာပေးပြောကြားပြီး ပထမအကြိမ်အဖြစ် မုန်တိုင်းကျေးအုပ်စုအတွင်းရှိ မြေပဲစိုက်မည့်တောင်သူများ၏ ဧက(၅၀)အတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့် မျိုးမြေပဲ (၃၀၀)တင်းအား ပဲခူးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပဲခူးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့်အဖွဲ့သည် အထက်စည်တီး (အနောက်) ကျေးရွာသို့သွားရောက်ပြီး ဒက္ခိဏာရုံဘုန်းတော်ကြီးကျောင်းတိုက်တွင် အထက်စည်တီး (အနောက်)ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံကာ အထွက်နှုန်းကောင်းမျိုးများ စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပြီး အထက်စည်တီး (အနောက်) ကျေးရွာအုပ်စုအတွင်းရှိ မြေပဲစိုက်တောင်သူများ၏ ဧက(၅၀)အတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့် မျိုးမြေပဲ(၃၀၀)တင်းအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)