ဓနုဖြူ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ စစ်ကြောင်းမှူးမှဦးဆောင်၍ အားကစားသမားများမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အား အလေးပြုခဲ့ပြီး အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က ထူးချွန်ထက်မြတ်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ မြို့နယ်အားကစား အဆင့်အတန်း တိုးတက်လာစေရန်၊ မြို့နယ်၏ဂုဏ်ကိုဆောင်နိုင်သော အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားယှဥ်ပြိုင်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေးအဖွဲ့အား အားကစားပစ္စည်းများပေးအပ်ခဲ့သည်။
ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်အဖြစ် ကျုံတနီးတိုက်နယ်ဘောလုံးအသင်းနှင့် ကျောင်းစုတိုက်နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဘောလုံးအသင်း(၁၀)သင်းဝင်ရောက် ယှဥ်ပြိုင်ပြီး ပြိုင်ပွဲကို အောက်တိုဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)