ဒေးဒရဲမြို့ (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီက  ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရေးတို့အတွက် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမြတ်သူထိုက်က မီးလောင်မှုဖြစ်ပွားခြင်း အကြောင်းအရင်း များ၊ မီးအမျိုးအစား (၆)မျိုး၊ အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်း များကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲ များဖြစ်သည့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် အဖွဲ့လိုက် ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက မြို့နယ်ရုံးက ပြသထားသော  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကလေး အလုပ်သမား ပပျောက်ရေး အသိ ပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း