ဘားအံ အောက်တိုဘာ ၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဇလပ်ဝါလမ်းနှင့်စိန်ပန်းနီလမ်းထောင့် ပြည်နယ်ရိပ်သာအနီး မြေဧရိယာ ၁ ဒသမ ၃ ဧကပေါ်တွင် ငွေကျပ် သိန်းကိုးသောင်းကျော်ခန့်ရင်းနှီးမြှုပ်နှံ၍ BOT စနစ်ဖြင့် ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် အဆိုပြုတင်သွင်းလာသည့် Alliance Eagles Group Limited အား အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့လက်ခံတွေ့ဆုံရာတွင် Alliance Eagles Group Limited ၏ Managing Director ဦးဖြိုးကိုကိုနိုင်နှင့်အဖွဲ့က အတွင်းလူနာလက်ခံထားနိုင်ရန် အခန်း ၁၅၀ အပါအဝင် အခန်းပေါင်း ၁၉၀ ခန့်ပါဝင်မည့် (၁၆၀ ပေ x ၃၀၀ ပေ) ၆ ထပ် RCC အဆောက်အဦ၊ ဝန်ထမ်းအိမ်ယာ၊ ကားပါကင်တို့ပါဝင်မည့် အထူးကုဆေးရုံကြီး တည်ဆောက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို Power Point အသုံးပြု၍ အဆိုပြုရှင်းလင်း တင်ပြကြခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မွန်းလွဲ ၂ နာရီခန့်က အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက်ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစာများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)သည် ကရင်ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား၊ မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော ဆေးရုံတစ်ရုံဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား၊ ရဲမေ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ဒေသများမှ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက် အစားအစာများနှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူး၊ သူနာပြုနှင့်အကူဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ်ငွေကျပ် ၁၀ သိန်းကို ခေတ္တတပ်မှူးဗိုလ်မှူးထက်မျိုးဦးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးပေါ်ရှိ တံတား အမှတ်(၁/၄) မဲဘောင်သံကူကွန်ကရစ် တံတားအရှည် ၆၀ ပေအား တံတားအထူးအဖွဲ့ ၁၄ မှ မူလ တံတားအကျယ်၏ တစ်ဖက်လျှင် ၁၂ ဒသမ ၇၃ ပေစီ တိုးချဲ့တည်ဆောက်ခြင်း၊ ကမ်းကပ်ခုံနှင့် ချည်းကပ်လမ်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ညိုက တံတားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် တံတားချဉ်းကပ်လမ်းဆောင်ရွက်မှု၊ မြေထိန်းနံရံ တည်ဆောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)