ဖလမ်း အောက်တိုဘာ ၄
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အောက်တိုဘာလ ၄ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားသည့် လမ်းနှင့်လူနေအိမ်များအား မီးသတ်တပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲ ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက မြေစာများဖယ်ရှားခြင်း၊ အမှိုက်များသိမ်းဆည်းခြင်း၊ မိုးကာများဖုံးအုပ်ခြင်းတို့ဆောင်ရွက်မှုများကို ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမအပေါ်ဘက်ရှိ ဦးဇာနယ်လိန်း၏နေအိမ်အောက်ပိုင်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး အဆောက်အဦထိခိုက်မှုမရှိကြောင်း၊ နောက်ထပ်မိုးဆက်လက်ရွာသွန်းပါက မြေသားအိကျ၍ထပ်မံပြိုကျနိုင်ခြေရှိသောကြောင့် မိုးကာများဖုံးအုပ်ဆောင်ရွက်ကာ လတ်တလော အခြေအနေတွင် ၎င်းတို့၏မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်သို့ပြောင်းရွှေ့ပေးမှုများကိုလည်းကောင်း၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ ဦးထွန်းငွေ၏ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်(လူမနေ) အတိုင်းအတာ (၃၀’x၂၀’x၉’) သွပ်ကာ၊ သွပ်မိုး၊ မြေစိုက်အဆောက်အဦအောက်ခြေမြေသားအိကျမှုကြောင့် အဆောက်အဦယိမ်းယိုင်သွားခဲ့သဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ လမ်းအပေါ်ပိုင်းမြေပြိုကျမှုကြောင့် မြေစာများလမ်းမပေါ်သို့ ကျရောက်ပြီးလမ်းပိတ် ဆို့မှုများဖြစ်ခဲ့ရာ JCB (၁) စီး၊ Skat (၁) စီးဖြင့် မြေစာဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ တလန်လိုရပ်ကွက်၊ တစ်မိုင်ဘုန်းကြီးကျောင်းလမ်းဘေးရှိ ဦးရွန်နိုင်းလွယ်နေအိမ်နှင့် ဒေါ်ငွန်နှဲမ်တို့၏နေအိမ်တံစက်မြိတ်အောက် ကျောက်စီနံရံအက်ကွဲမှုကြောင့် လမ်းပေါ်သို့ လမ်းပခုံး (၁) ပေခန့်နိမ့်ကျခဲ့ရာ ၎င်းတို့နေအိမ်များထိခိုက်မှုမရှိစေရေး မိုးကာများဖုံးအုပ်ဆောင်ရွက်ပေးခြင်း၊ လမ်းပေါ်သို့စီးဆင်းသည့်မိုးရေများအားရေမြောင်းထဲသို့ စနစ်တကျစီးဆင်းနိုင်ရေးစီမံဆောင်ရွက်ပေးမှု၊ လူနေထိုင်ရန် မသင့်တော်သည့်အတွက် ၎င်းတို့၏မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)