တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၇/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့တက်ရောက်

ထားဝယ်      အောက်တိုဘာ ၄

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၇/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးတွင် လယ်ယာမြေနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုပြုလုပ်သည့်အခါတွင် စနစ်တကျရှိစေရန်၊ အလွဲသုံးမှုမရှိစေရန်၊ မြေအသုံးချမှုမှန်ကန်စေရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့်မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊  တိုင်းဒေသကြီးအတွင်း အဓိကစိုက်ပျိုးရေးထွက်ကုန်များမှာ စပါး၊ ဆီအုန်း၊ ရာဘာဟူ၍ (၃)မျိုးရှိကြောင်း၊ လယ်ယာမြေဆုံးရှုံးမှုမရှိစေရန် လယ်မြေများကို အခြားနည်းအသုံးပြုမှုများမရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စားသုံးဆီ အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စားသုံးဆီများကို ဆီချောအဖြစ် ထုတ်လုပ်နိုင်ရန်အတွက် ဆီချောစက်ရုံ တည်ဆောက်နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ရာဘာများကိုလည်း အဆင့်မီသော ကုန်ကြမ်းများဖြစ်အောင် ဆောင်ရွက်ထားကြောင်း၊ အဆင့်မြှင့်ထားသည့် ရာဘာမှိုင်းခံပြားများကို ပြည်ပနိုင်ငံများက တင်သွင်းလိုသည့်အနေအထား ရှိပါကြောင်း၊ ရာဘာ ကုန်ကြမ်းများအား ကုန်ချောဖြစ်အောင်ဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓာတ်အားလုံလောက်မှု မရှိသေး၍ စက်ရုံတည်ဆောက်ရန် အခက်အခဲရှိနေသေးပါကြောင်း၊ အဓိကအားဖြင့် တိုင်းဒေသကြီးအတွင်း ဆန်စပါးနှင့်ဆီဖူလုံပြီး အခြားဒေသမှဝယ်ယူတင်သွင်းရခြင်းမရှိအောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာမြေများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းလင်းဦးက ဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)