ရေစကြို အောက်တိုဘာ ၂၀
ရေစကြိုမြို့၌ လာမည့်နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့ နံနက်ပိုင်းမှ စ၍ ရေစကြို အ.ထ.က(၁) ကျောင်းဆောင်များ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
သင်တန်းသို့ ရေစကြိုမြို့နယ် ရပ်ကွက်/ကျေးရွာများမှ ရပ်ကျေးစာရေးများ၊ ဆရာ/ဆရာမများ သင်တန်းသား/ သင်တန်း သူ ၁၉၁ဦးတက်ရောက်ပြီး သင်တန်းချိန်မှာ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဖြစ်သည်။ သင်တန်းတွင် ပုံစံများ တွက်ချက်ခြင်း၊ မဲရေတွက်ခြင်းထုပ်ပိုးပုံ အဆင့်ဆင့်ကျန်းမာရေးနှင့် လုံခြုံရေး၊ မဲရုံတည်နေရာ အခင်းအကျင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ဝတ္တရားများ၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ လုံခြုံ ရေးနှင့်မင်တို့သူ တာဝန် ဝတ္တရားများ၊ မဲပေးပုံ အဆင့်ဆင့်နှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေး လျက်ရှိသည်။
အဆိုပါ သင်တန်းကို ရေစကြိုမြို့နယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ အ.ထ.ကကျောင်းဆောင်များ၌ အခန်း၇ခန်းခွဲ၍ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ရေစကြိုမြို့နယ်တွင်မဲရုံပေါင်း ၂၃၄ရုံ၊မဲဆန္ဒရှင်တစ်သိန်းကိုး သောင်းကျော်ရှိပြီး၊မဲရုံမှူး၊ဒုတိယ မဲရုံမှူးများအား နေ့ရက်အလိုက် လူခွဲ၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အေးသန်း(ပြန်/ဆက်)