လိပ်သို အောက်တိုဘာ ၄
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်/ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင်ပိုမိုကျယ်ပြန့်လာမည် ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများအား ဆက်လက်ပြုလုပ်ရာ မူလတန်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၃) ဦးတို့က ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ပုံဆွဲဗလာစာအုပ်များ၊ ဘောလ်ပင်များကို အမှတ်တရ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ကျောင်းသား/ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)