သရက်ချောင်းမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

သရက်ချောင်း အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ တီထွင်ပြင်ကျေးရွာ (အ-ထ-က)ခွဲကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား/သူများအနေဖြင့် ပညာရေးကို ဆုံးတိုင်အောင်သင်ယူကြရန်၊ ဆရာ/ဆရာမများ၏ ပြောစကားကို လေးနက်ထားနားထောင်ကြရန်၊ စည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်သော ကျောင်းသား/ သူများဖြစ်အောင် ကြိုးစားပေးစေလိုကြောင်း ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာဌေးက အားကစား နည်းများအကြောင်း၊ ပြေးခြင်း၏ ထိပ်တန်းအကျိုးကျေးဇူး(၁၀)ချက်၊ အားကစားပြုလုပ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း၊ အားကစား၏အဓိပ္ပါယ်၊ လမ်းလျှောက်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ အကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မိမိတို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးကာ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အားကစားပစ္စည်းများပေးအပ်ကာ ဆရာမတစ်ဦးက လက်ခံရယူခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း အဆိုပါဟောပြောပွဲသို့ (အ-ထ-က)ခွဲ တီထွင်ပြင်ကျောင်းမှ ကျောင်းသား/သူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)