မအူပင် အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၉)ရက်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ-လမ်းသစ်ကျောင်းတွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အကျိုးရှိသောစာကောင်း ပေကောင်းများ ဖတ်ရှုလေ့လာတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီက အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ-လမ်းသစ်ကျာင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်း ကျောင်းအုပ်ဆရာကြီး (ငြိမ်း) ဆရာကြီးဦးစိုးမှ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းပြင်ပပညာရေး ဆရာကြီး ဦးဘိုထွေးမှ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ခေါင်းစဉ်အလိုက် သိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ဖြေကြားခဲ့ကြ သည်။
ထို့နောက် ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြသရှင်းလင်း ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)