မြန်အောင်မြို့နယ် အ.ထ.က တာခွ၌ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်စကားဝိုင်းကျင်းပ

မြန်အောင် အောက်တိုဘာ ၄

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန်၊ လူရည်ချွန်မောင်မယ်များဖြစ်လာစေရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း များ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်က အ.ထ.က တာခွ ကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ရှေ့အနာဂတ်မိမိတို့ဘဝတွင် ဆောင်ရန်ရှောင်ရန် ဗဟုသုတများကို လူငယ်အချင်းချင်း ညှိနှိုင်းဆွေးနွေးတိုင်ပင်မျှဝေသည့် အလေ့အကျင့်ကောင်းများရရှိရန် အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ် ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အ.ထ.က တာခွ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာနှင့် ပြန်/ဆက်ဦးစီးအရာရှိ ဦးဇော်မင်းထွန်းတို့ ဦးဆောင်၍ Grade-9 မှ မောင်ဇေလင်းထက်က လူငယ်နှင့် ပညာရေး၊ Grade- 10 မှ မောင်ဟိန်းမင်းထက်က လူငယ်နှင့် နည်းပညာ၊  Grade-11 မှ မောင်ဘုန်းနေသာက လူငယ်နှင့် အနာဂတ်၊ Grade-11 မှ မောင်အောင်သူဖြိုးက လူငယ်နှင့် စာရိတ္တ ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပါဝင်ဆွေးနွေးကြသည့် ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ် စာစောင်ဓာတ်ပုံ ပြခန်းအား ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးစိုးဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ စုစုပေါင်း ၆၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)