ခန္တီးမြို့နယ်၌ သတင်းမှန်/မှား ခွဲခြားနည်းသင်တန်းဖွင့်လှစ်

ခန္တီး အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ပြည်သူများအနေဖြင့် သတင်းမှန်/မှား ခွဲခြားတတ်ပြီး သတင်းနှင့် ပတ်သက်သည့် ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ သတင်းမှန်/မှား ခွဲခြားနည်းသင်တန်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး “သတင်းဆိုတာဘာလဲ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “သတင်းဖြစ်ပေါ်ရခြင်းအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “သတင်းမှန်/မှား ဘယ်လိုခွဲခြားမလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်းမှန်ဖြစ်အောင်ဘယ်လိုတုံ့ပြန်မလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်းအမှားကို ဘယ်လိုချေဖျက်မလဲခေါင်းစဉ်ဖြင့် လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အဆိုပါ သင်တန်းသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် အတူ သတင်းရေးသားနည်း၊ သတင်းတုံ့ပြန်နည်း များကို လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)