ရေဦး အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ အောင်ဆန်းရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိလျက် ရှိကြောင်း သိရသည်။
ထိုသို့ တစ်ပိုင်တစ်နိုင် ကောက်ရိုးမှို စိုက်ပျိုးရာတွင် ၆ ပေ ၃ ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ ထုပ်(၄)ထုပ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံးအနည်းငယ်၊ ဂျပ်စက္ကူ (၁၀)ပိဿာ၊ ဖွဲနု၊ နွားချေး တစ်တင်းအိတ်(၃)အိတ်၊ ဝါး၊ ဗေဒါပင်များနှင့် ကောက်ရိုးတို့ အသုံးပြုရကြောင်း သိရ သည်။
“ကောက်ရိုးမှိုစိုက်ပျိုးခြင်းဟာ ရိုးရှင်းလွယ်ကူပါတယ်၊ ပထမအဆင့် မှိုဘောင်ပြုလုပ်ရပါတယ်၊ ပြီးရင်တော့ ထုံးအနည်းငယ် ဖြူးရပါမယ်၊ ထုံးဖြူးပြီး နွားချေးဖြူးရပါတယ်၊ နောက် နုတ်နုတ်စင်း ထားတဲ့ ဗေဒါနဲ့ ရေစိမ်ထားတဲ့ ဂျပ်စက္ကူတွေကို ဘောင်ပေါ်မှာ ဖြူးပေးရပါတယ်၊ အဲဒီ အပေါ်ကနေ ဖွဲနုနဲ့ မှိုမျိုးစေ့ကိုရောပြီး ဖြူးပေးရပါတယ်၊ နောက်ပြီး နွားချေးနဲ့ ပြန်ဖုံးပေးပြီး ရေလောင်ပေးရပါတယ်။ ဒါတွေလုပ်ဆောင်ပြီးပြီဆိုရင်တော့ မှိုဘောင်ကို ပေါင်းမိုးပြုလုပ်ပြီး လေလုံအောင် ပလပ်စတစ်အကြည်နဲ့(သို့မဟုတ်) ကောက်ရိုးနဲ့ ဖုံးအုပ်ပေးထားရပါတယ်၊ (၅) ရက်မြောက်တဲ့နေ့မှာတော့ မိနစ်(၂၀)ခန့်အထိ ကြာအောင် အမိုးကိုဖွင့်ပေးပြီး ပြန်ဖုံးအုပ်ပေး ရပါတယ်၊ (၁၀) ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချ နိုင်ပါတယ်၊ မှိုတစ်ဘောင်ကို အမြတ်ငွေ ငါးသောင်းခန့်ရရှိတဲ့အပြင် ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ပါတယ်” လို့ ကောက်ရိုးမှို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ကောက်ရိုးမှိုစိုက်ပျိုးမှုတွင် မှိုတစ်ဘောင်လျှင် မှို(၇) ပိဿာအထိ ထွက်ရှိပြီး ယခုလက်ရှိ အချိန်တွင် ကောက်ရိုးမှိုတစ်ပိဿာလျှင် ငွေကျပ်တစ်သောင်း နှစ်ထောင်အထိ ရောင်းချနေရ ကြောင်း သိရသည်။
သန်းသန်း(ရေဦး)