မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  မကွေးမြို့အသေးစားစက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေး အောက်တိုဘာ ၄

မကွေးမြို့အသေးစားစက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် သီးခြား ဖိတ်ကြား ထားသော ဌာနဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီး၊ ပြည်နယ် များမှာ အသေးစားစက်မှုဇုန်များဖော်ဆောင်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မကွေးတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ မကွေးမြို့မှာ စက်မှုဇုန်အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မကွေးမြို့စက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ  စနစ်တကျ စီမံထူထောင်၍ ဒေသတွင်းသာမက  ပြည်တွင်း / ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို အသေးစားစက်မှုဇုန်အတွင်း အခြေချ လုပ်ကိုင်ဆောင်ရွက်လာစေရန်နှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ ဥပဒေ၊  နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ  စနစ်တကျ စီမံဆောင်ရွက်စေရန်၊ မကွေးမြို့  စက်မှုဇုန် တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်လာစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မကွေးမြို့စက်မှုဇုန်တည်နေရာသည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက်၊ မိုင်တိုင် အမှတ်(၃၂၅)၊ မကွေးမြို့မှ (၄)မိုင်ခန့်အကွာ၊ မကွေးကွန်ပျူတာတက္ကသိုလ်မှ (၇)ဖာလုံခန့်အကွာ၊ မကြီးကန် ဓာတ်အားခွဲရုံမှ ၁.၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး အမှတ်(၅)စက်မှုသင်တန်းကျောင်း၊ တာတာကားစက်ရုံတို့နှင့် ဆက်စပ်လျက် တည်ရှိပြီး(၄၆၁)ဧက ကျယ်ဝန်းကာ၊ စစ်ဆေးချက်အစီရင်ခံစာအရ လျာထာမြေ ၃၈၂.၅၂ ဧကမှာ အသေးစားစက်မှုဇုန် တည်ထောင်သွားမည်ဖြစ်ပြီး၊ လုံလောက်တဲ့ မြေနေရာရှိခြင်း၊ မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ရေရှိမှုလွယ်ကူခြင်း၊ လျာထားမြေ နေရာအနီးမှာ(၃၃) ကေဗွီဓါတ်အားလိုင်း တည်ရှိခြင်းကြောင့် လျှပ်စစ်မီးရရှိမှုအခွင့်အလမ်း ကောင်းမွန်ခြင်း၊ ကျွမ်းကျင်လုပ်သားအင်အား ပေါများစွာရရှိခြင်း၊ ဒါ့အပြင် စက်မှုဇုန်လျာထား မြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ ဖာလုံခန့် အကွာတွင် ဧရာဝတီမြစ် တည်ရှိနေသဖြင့် နောင်အနာဂတ် စက်မှုဇုန်ဖွံ့ဖြိုးလာသည့် အချိန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းငယ်တစ်ခု ဆောင်ရွက်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာ ယနေ့ အထိ နိုင်ငံတော်အဆင့်အနေနဲ့ တရားဝင်ရပ်တည်လျက်ရှိတဲ့ စက်မှုဇုန်ပေါင်း (၁၉)ဇုန်ရှိပြီး၊ မကွေးတိုင်းအနေနဲ့ ရေနံချောင်းစက်မှုဇုန်နဲ့ ပခုက္ကူစက်မှုဇုန်နှစ်ခု ပါဝင်ကြောင်း၊ ယနေ့အစည်း အဝေးရဲ့ ဆုံးဖြတ်ချက်များအပေါ်မူတည်ပြီး အသေးစားစက်မှုဇုန် အကောင်အထည်ဖော်ဖို့အတွက် ဆောင်ရွက်စရာရှိတာတွေကို Time Frame ပါအတိုင်း ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးကြရန်နှင့် ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် မိမိတို့အနေနဲ့ မကွေးမြို့ အသေးစားစက်မှုဇုန် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး တိုင်းဒေသကြီး စက်မှုဇုံဖော်ဆောင် ရေးနှင့်ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ချိန်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က မကွေးမြို့ အသေးစားစက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြခဲ့ကြပြီး၊ သက်ဆိုင်ရာဌာန အကြီးအကဲများက အသေးစားစက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဌာနအလိုက် တာဝန်ယူဆောင်ရွက်မည့် အခြေအနေများအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသေးစားစက်မှုဇုန် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ