အရာတော် အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်အောက် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာကျောင်းများတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်း(၇) ကျောင်းရှိ ကျောင်းသူစုစုပေါင်း (၂၅၀) ဦးအား စစ်ဆေးပြီး အဖွဲ့(၃) ဖွဲ့ခွဲ၍ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ အရည်အသွေးမီ အသိအမှတ်ပြုကြောင်း ရရှိထားပြီး နိုင်ငံတကာသုတေသနပြုချက် များအရ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ မိန်းကလေးငယ်များတွင် တစ်ကြိမ် ထိုးနှံခြင်းအားဖြင့် (HPV) ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ အပါအဝင် ကင်ဆာရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခင်ဦးစိုးဝေ