ရှမ်းရွာသစ် အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ "အနာဂတ်ကို မိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေများဖတ်ရှုလေ့လာသည့် အလေ့အကျင့်များရရှိစေခြင်း၊ စာပေများဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦးအတွေးအခေါ်အယူအဆများ နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသောကြောင့် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးပြီးနောက် Book Club အဖွဲ့ဝင်ဦးမြင့်မောင်က မိမိတို့အိမ်နီးချင်းနိုင်ငံတစ်ချို့သည် နေ့ချင်းညချင်း အလျင်အမြန်ဖွံ့ဖြိုးတိုးတက် လာနေသည်ကို မြင်တွေ့နေရသည်မှာ အားကျစရာပင်ဖြစ်သောကြောင့် အနာဂတ်လူငယ်များသည် ထိုအားကျနေသည့် စိတ်ကိုခိုင်မာစွာနှလုံးသွင်းရယူ၍ မိမိတို့တိုင်းပြည်နှင့် မိမိတို့နေထိုင်ရာ မြို့တစ်မြို့ဖွံ့ဖြိုးတိုးတက်လာအောင် ဖန်တီးတည်ဆောက်ဖို့လိုအပ်နေမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နော်ဝင်းစိန်က မိမိတို့ဒေသဖွံ့ ဖြိုးတိုးတက်စေရန်အတွက် သဘာဝရေမြေတောတောင်၊ ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာထုတ်ကုန်များနှင့် လူသားအရင်းအမြစ်များကို ထုတ်ကုန်များထုတ်လုပ်ကာ ဈေးကွက်ချဲ့ထွင်နိုင်ဖို့လိုအပ်ကြောင်း စသည်ဖြင့် စာအုပ်တွင်ပါရှိသည့် အကြောင်းအရာအကျဉ်းချုပ်ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)