မင်းဘူး အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲသီးနှံများကို ၈၇၀၀၇ ဧက စိုက်ပျိုးသွားပြီဖြစ်ကြောင်း မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။
အဆိုပါ ဆီထွက်သီးနှံများမှာ မြေပဲ ၁၆၆၇၁ ဧက၊ နေကြာ ၆၅၈၈ ဧက၊ နှမ်း ၆၃၇၄၈ ဧကများဖြစ်၍ စုစုပေါင်း ၈၇၀၀၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးရန်၊ ဆီထွက်သီးနှံများကို သီးထပ်၊ သီးညှပ်စိုက်ခင်းများအဖြစ် တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား အသိပညာပေး ဟောပြောခြင်း၊ စိုက်ပျိုးမည့် တောင်သူများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းပို့ချပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးထားသော သီးနှံပင်များသည် မိုးဦးကာလတွင် မိုးခေါင်နေသော်လည်း မိုးလယ်မိုးကောင်းသည့်အပြင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများမှာ မြေအောက်ရေ လှိုင်လှိုင်ထွက်သော အရပ်ဒေသများဖြစ်ကြ၍ လျာထားချက် ပြည့်မီရန် ၉၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံတောင်သူများမှာ အဆင်ပြေကြကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)