မင်းလှမြို့နယ်ထန်းကိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌လူငယ်စကားဝိုင်းကျင်းပ

အထက်မင်းလှ အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကား ဝိုင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြော ကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတပိုမိုရရှိစေရန်၊ စကားပြောပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန် ၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်အချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

         ဆက်လက်၍ လူငယ်စကားဝိုင်းဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇာဇာငြိမ်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား ၊ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍ၊ လူငယ်နှင့်ယဉ်ကျေးမှု ၊လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်လူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိလိုသည်များကို ပူးပေါင်းပါဝင်မေးမြန်းဆွေးနွေးခဲ့သည်။ အဆိုပါ လူငယ် စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအကြောင်းအရာများ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်အကြောင်းအရာများ စသည့် နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား ၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)