စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအတွက် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် ငွေကျပ်(၅၁၀၂. ၀၀)သိန်း ထုတ်ချေးပေးပြီးဖြစ်

စေတုတ္တရာ အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃၊ မေလ(၁၈)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာနောက်ဆုံးပတ်၌ ငွေကျပ်(၅၁၀၂.၀၀)သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

​မိုးရာသီစိုက်ပျိုးစရိတ်များကို ထုတ်ချေးပေးရာတွင် စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု (၄၆)အုပ်စု ပေါင်း(၄၈)အုပ်စုရှိရာ ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၃၂)အုပ်စုမှ တောင်သူ(၁၁၉၆)ဦးတို့၏ မိုးရာသီစိုက်ပျိုးမှု စပါးဧကပေါင်း(၁၂၆၀)ဧက၊ နှမ်း(၃၂၁၂)ဧက၊  စုစုပေါင်းစိုက်ပျိုးဧကပေါင်း(၄၄၇၂)ဧကအတွက် စုစုပေါင်းငွေကျပ်(၅၁၀၂. ၀၀)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)