မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တောင်တွင်းကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားသည့် နေရာများအား ကွင်းဆင်းကြည့်ရှု

တောင်တွင်းကြီး အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများစီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့်  ရေတိုက်စားခဲ့သည့် နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်တာဝန်ရှိသူများသည် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် ပန်ထွာတံတားနှင့် မကွေးလမ်း သူငယ်ချင်းတံတားအနီးရှိ စက်စက်ယိုချောင်း အုန်းတောရေတံခါးအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရေစက်ရုံအတွင်း စက်ရေတွင်း တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ စက်ရေတွင်းတူးဖော်နေမှုအခြေအနေအား ရှင်းလင်းတင်ပြမှုများအပေါ် စီးပွားရေးရာဝန်ကြီးမှ လိုအပ်သည်များကို မှာကြားခဲ့ပြီး ကန်တော်ကြီးကန်သို့သွားရောက်၍ ကန်အတွင်း ရေဝင်ရောက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ်  အမှုဆောင် အရာရှိ ဦးမြလင်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့် ပန်ထွာတံတားနှင့် အုန်းတောရေတံခါး အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ရေကြီးရေလျှံမှု ဖြစ်ပွားစဉ်က ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်အောင်တို့က လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)