ငါးသိုင်းချောင်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)ရှိ ငါးသိုင်းချောင်းမြို့၊ အမျိုးသား ခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ သက်ဆိုင်ရာမဲရုံများအလိုက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ စနစ်တကျ တာဝန်ထမ်းဆောင်နိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအောင်ကျော်ကျော်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုဗိုထွန်းတို့ သင်တန်းတက်ရောက် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်း (နံနက်ပိုင်း)အစီအစဉ်ကို နံနက်(၈:၀၀)နာရီမှ(၁၀:၃၀)အထိ ဖွင့်လှစ်ပို့ချခဲ့ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ရပ်ကွက်နှင့်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲဆိုင်ရာ တာဝန်များ၊ မဲရုံဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် စနစ်တကျ တာဝန်ထမ်းဆောင်နိုင်ရေး အချက်အလက်များကို ဆွေးနွေးသင်ကြားခဲ့ရာ နံနက်ပိုင်း သင်တန်းချိန်၌ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၂)စုမှ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင် သင်တန်းသားများ တက်ရောက်ခဲ့ပြီး သိရှိလိုသည့် အချက်အလက်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု စုစုပေါင်း(၄၄)အုပ်စုရှိပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်အရ ယနေ့ကျင်းပသည့် သင်တန်းကို နံနက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ(၂၂)အုပ်စုနှင့် ညနေပိုင်း မွန်းလွဲ(၁:၀၀)မှ(၃:၃၀)အချိန်အထိ(၂၂)အုပ်စု၊ သင်တန်းချိန် နှစ်ချိန်ခွဲ၍ သင်ကြားပေးလျက်ရှိကြောင်း၊ ယနေ့သင်တန်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကို သင်တန်းပို့ချသွားမည်ဖြစ်ပြီး ဆက်လက်၍ အောက်တိုဘာလ (၂၁)ရက်နေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင မဲရုံအဖွဲ့ဝင်များကို အထက်ပါအစီအစဉ်အတိုင်း သင်တန်းချိန် နှစ်ချိန်ခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)တွင် မဲရုံစုစုပေါင်း (၅၄)ရုံရှိပြီး စုစုပေါင်းအဆိုင်း(၉၉)ဆိုင်းဖြင့် စနစ်တကျမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲရုံတာဝန်ကျ အဖွဲ့များသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများကိုလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံတာဝန်ကျအဖွဲ့များမှလည်း စနစ်တကျ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၂၁)ရက်နေ့အထိ နှစ်ရက်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင် ဦးအောင်ကျော်ကျော် က ပြောကြားထားကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)