ဒေးဒရဲ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးနှင့် မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အပတ်စဥ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်၍ ကျေးရွာဒေသများအရောက် ကွင်းဆင်းဆောင်ရွက်သွားကြရန်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုး က ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများက ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများပြီးစီးမှုများ၊ နိုင်ငံစီးပွား မြှင့်တင်ရေးလုပ်ငန်းများ၊ အခြေခံပညာကျောင်း အဆောက်အဦးနှင့် သင်ကြားရေး ဆရာ၊ ဆရာမ များ ဖြည့်ဆည်းဆောင်ရွက်နေမှုများ၊ ကျောင်းပြင်ပ ပညာသင်ကြားရေးလုပ်ငန်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများ၊ မိုးစပါးစိုက်ပျိုးမည့် ဧကများအား သွင်းအားစုဓာတ်မြေသြဇာများ ထောက်ပံ့ပေးလျက် ရှိသည့် လုပ်ငန်းများ၊ နွေစပါးစိုက်ပျိုးရေရရှိရေး တူးဖော်ပေးလျက်ရှိသည့် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဌာနအလိုက် တင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အေဇာလင်း