ကန့်ဘလူ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ် စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် အမှတ်-၄ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်နိုင်က အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက မူးယစ်ဆေးဝါးဆိုတာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်ပြောင်းလဲစေပြီး ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် ဘေးဒုက္ခဖြစ်စေခြင်း၊ စိတ်ရောကိုယ်ပါ စွဲလန်းမှုဖြစ်စေသည့် ဆေးဝါးများဖြစ်ကြောင်း၊ မူးယစ်ဆေးသုံးစွဲပါက စိတ်ကျန်းမာရေးထိခိုက် ခြင်း၊ ပုံမှန်အသိစိတ်မရှိခြင်း၊ သွေးတိုးနှလုံးသွေးကြောကျဉ်းရောဂါ၊ စိတ်ကျရောဂါ၊ ဉာဏ်ရည် ကျဆင်းခြင်းများ ဖြစ်စေနိုင်ကြောင်း ဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ကလေးသူငယ်များ သတိပြုစရာအချက်များ၊ အခြားသူများက ခေါ်ဆောင်ပါက ငြင်းဆန်ရန်၊ တစ်စုံတစ်ရာဖြင့် တွေ့ကြုံပါက ရင်းနှီးသူ မိခင်ဖခင်တို့အား ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲမှန်သမျှပြောပြရန်တို့ကို ဟောပြောခဲ့သည်။ စားသုံးသူရေးဦးစီးဌာနမှ တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးရန်မသင့်သော အစား အသောက်များအန္တရာယ်နှင့် စားသုံးသူများလိုက်နာရန် အခွင့်အရေးတို့ကို ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၂၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်