ပခုက္ကူ အောက်တိုဘာ ၂၀
ပခုက္ကူမြို့တွင် ကိုဗစ်ကာလဖြစ်သော်လည်း သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ရောင်းအားကောင်းကြောင်း သိရသည်။
သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များကို ပခုက္ကူမြို့ လွတ်လပ်ရေးပန်းခြံ အရှေ့ဘက် မြို့မဈေးကြီးအဝင် ထင်းတန်းလမ်း တလျှောက်တွင် ရောင်းချနေပြီးအဆိုပါမီးပုံးနှင့်အရုပ်များကို အဓိက ပြုလုပ်သည့်ရပ်ကွက်များဖြစ်သော အမှတ် ၁၀ ရပ်ကွက်၊ အမှတ် ၁၃ ရပ်ကွက်များမှ မြန်မာ့ရိုး ရာလက်မှုလုပ်ငန်းလုပ်ကိုင်သူများက လာရောက်ရောင်းချခြင်းဖြစ်သည်။
သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များတွင်တန်ဖိုးအနိမ့်ဆုံး ၅၀၀ ကျပ်မှ အမြင့် ဆုံးအထူးအော်ဒါ ၅၀၀၀၀ ကျပ်တန်ဖိုးအထိ ပစ္စည်းများပါ ပြုလုပ်ကြသည်။
အမှတ် ၁၀ ရပ်ကွက်ရွှေသည်ရပ်မှ ပြုလုပ်ရောင်းချသူတစ်ဦးက မီးပုံး၊ မီးဆိုင်း၊ ကလေး ကစားစရာ အရုပ်များအဖြစ် ယုန်ရုပ်၊ သင်္ဘောပုံစံမျိုးစုံ၊တိုက်လေယာဉ်ပုံများ၊ ဟယ်လီကော်ပတာပုံများ အစရှိ သဖြင့် ပုံစံမျိုးစုံပြုလုပ်ရပါ ကြောင်း ဝါခေါင်လမှစ၍ ပုံစံများချိုးကာ ကြိုတင်ပြုလုပ်ရကြောင်း ရှင်းပြသည်။
ယခုနှစ်တွင် ကိုဗစ်ကာလဖြစ်သည့်အတွက် နိုင်ငံတကာဈေးကွက်မှ ပစ္စည်းများ ဝင်ရောက်မှု နည်းသည့် အတွက် ဒေသလုပ် လက်မှုပစ္စည်းများ ပိုမိုရောင်းချရကြောင်းသိရသည်။
ကိုတမာ(ပြန်ဆက်)