ဒိုက်ဦးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ဗျက်ကြီး) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဒိုက်ဦး အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံ‌စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်‌နေ့မွန်းလွဲအချိန်က အခြေခံပညာအထက်တန်း (ဗျက်ကြီး) စစ်ကောင်းဆောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   လက်ထောက်ပညာရေးမှူး ဦးဇော်မြင့်လွင်မှ အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်း ပြုလုပ်ပေးသည့်အတွက် ကျောင်းသား လူငယ်များအချင်းချင်း  အသိပညာဗဟုသုတများ တိုးပွားလာစေပြီး၊ စဉ်စားတွေးခေါ်မှု တိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့် ပွဲလယ်တင့်ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်မှ လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက်  လူငယ်စကားဝိုင်းစတင်ခဲ့ရာ  ခေါင်းဆောင်ဆွေးနွေးသူအဖြစ်  ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင် ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးနေလင်းဦး Grade  (12)၊ Grade(8)၊ Grade(11)၊  Grade(10) ကျောင်းသား၊ ကျောင်းသူ (၅)ဦးက လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာအစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြ​သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ အ.ထ.က (ဗျက်ကြီး) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့သည်။

မြို့နယ် (ပြန်/ဆက်)