ဘားအံ အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး၊ အသိပညာ ဗဟုသုတတိုးပွားစေရေး၊ လူငယ်ရေးရာနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် အခြေခံပညာ အထက်တန်းကျောင်း (ကော့ကျိုက်)တို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်များအတွက် ပညာရေးဟာအဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများရရှိရန် စာပေများကိုလည်း ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩလျာဖောက အားကစား၏အဓိပ္ပာယ်၊ အားကစားအမျိုးအစားများ၊ အားကစားဖြင့် အကျိုးပြုစေသည့် အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇော်ဟန်က နိုင်ငံတကာ အဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုနှင့်စပ်လျဉ်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အဂတိတရား (၄)ပါးအကြောင်း၊ အဂတိလိုက်စားမှု အမျိုးအစားများ၊ အဂတိလိုက်စားမှုကြောင့် ဖြစ်သည့်နစ်နာမှုများ၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များ၊ အဂတိလိုက်စားမှု၏သက်ရောက်မှုများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)