အုတ်တွင်း အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်)အုန်းပင်နှင့် အ.မ.က(မူလွန်)မဲကုန်းကျောင်းများသို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာမှ ကလေးငယ်များအား စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအခွင့်အရေးများ၊ ကုန်ညွှန်းအမှတ်အသားပါသောအစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်ရန်၊ အခွင့်အရေးများအတွက်နစ်နာဆုံးရှုံးမှုရှိခဲ့ရင် “စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံရေးစင်တာ”ခရိုင်ရုံးမှာ တိုင်ကြားနိုင်ကြောင်းစသည့် အကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကလေးများကိုယ်ကာယဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများရရှိစေရေးရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပြီး ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက်ခဲ့ပြီး ကလေးငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)