ဘိုကလေးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) ဖွင့်လှစ်ပို့ချ

ဘိုကလေး အောက်တိုဘာ ၄

အရန်မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် ပြည့်ဝစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ကူညီကာကွယ်စောင့်ရှောင့်နိုင်ရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်စဉ် (၁/၂၀၂၃) အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအား အောက်တိုဘာ(၂)ရက်နေ့မှ စတင်၍ဖွင့်လှစ်ပို့ချလျက်ရှိသည်။

သင်တန်းဖွင့်ပွဲအား ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပဆောင်ရွက် ခဲ့ပြီး သင်တန်းပို့ချရာ၌ ဘိုကလေးမြို့နယ်၊ အမှတ်(၄)ရပ်ကွက် အတွင်းရှိ မင်္ဂလာစံကျောင်း ကျောင်းတိုက်တွင် ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရန်မီးသတ် (၁၀၀)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းအား အောက်တိုဘာ (၂)ရက်နေ့မှ စတင်ကာ အောက်တိုဘာ(၂၇)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဘိုကလေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် ဒု-တပ်ရင်းမှူး ဦးထွန်းအောင်ကြည်တို့မှ စစ်ရေးပြ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)